home

Friday, October 29, 2010

သူငယ်ချင်း ဂုရုအတွက်

သူငယ်ချင်း ဂုရု ရေးထားသော ကျနော်နှင့် သူ တောခိုလာခဲ့သော အဖြစ်အပျက်များကို ဆောင်းပါးသဘောမိုး
ရေးထားတာကို ပြန်လည်ကူးယူပြီး ကျနော်ပို့ စ်တွင်ထည့်ထားခြင်းဖြစ်သည်။
သူငယ်ချင်း ကောင်းရာ ရောက်ပါစေ၊ သူရဲကောင်း တစ်ယောက် ကမ္ဘာလောကထဲ့က
စောစောစီးစီးထွက်သွားပြီး၊

သဘောင်္ဆိပ်ကမ်းက ခွာပြီးထွက်လာတာ ခရီးရဲ့တ၀က်ဖြစ်တဲ့ ချောင်းနှစ်ခွကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ သဘောင်္ပေါ်ကဆင်းပြီး မုဒုံကိုဖြတ်လို့ ဖားအောက်ကို နောက်တခေါက်ထပ်ရောက်သွားပါတော့တယ်။ အရင် တည်းတဲ့အိမ်မှာ စောင့်နေတဲ့ ရဲဘော်တွေကလည်း ကျနော် ပြန်ပါလာတာတွေ့တော့ အံ့အားသင့် သွားကြပုံ ရတယ်။ သူတို့ကတော့ ရောက်လောက်ပြီထင်နေတာလေ။ အဲဒါနဲ့ သူတို့ကို အဖြစ်အပျက် ရှင်းပြတော့ထပ်ဝေဖန် ကြရော၊ ဒါမှတ်ပုံတင်ပျောက်လို့ဖြစ်တ ဆိုပြီား။ ကျနော်ကတော့ ပြန်ပြောတယ်။ ဒေါသလည်း နည်းနည်း ထွက်သွားတယ်။ တမင်သက်သက် လုပ်ပျောက်တယ်ဆိုရင်တော့ ဝေဘန်မှုက ပြဿနာမရှိပါ။ ဒါပေမယ့် အခုဟာ မတော်တဆအဖြစ်အပျက်ကြောင့် ပျောက်ရှသွားတာကိုတော့ ဒီလောက် ဝေဘန်နေရင်တော့ မဟုတ် တော့ဘူးးလို့ ပြန်ပြောလိုက်တယ်။ အဲဒီအတွက်လည်း ပထမတကြိမ် ဝေဘန်ပြီးသွားပြီပဲ။ အခုလုပ်ရမှာက ဘယ်လိုဆက်သွားမလဲဆိုတာကို ဆွေးနွေးဖို့ဖြစ်တယ်လို့ ပြောလိုက်မှ နည်းနည်းငြိမ်သွားကြတယ်။

အဲဒါနဲ့ သွားရမယ့်လမ်းကြောင်းကို ပြန်တွက်တော့ ကြာအင်းလမ်းကတော့ လုံးဝအခြေအနေမကောင်းဘူး။ ဒါကြောင့် ကျနော်တို့ တည်းတဲ့ အိမ်က ဘိုးတော်နဲ့ တိုင်ပင်တော့ သူက ရေးကို မီးရထားနဲ့ သွားဖို့ အကြံပေး တယ်။ ရေးမရောက်ခင်မှာ လမိုင်းဘူတာ ဆိုတာ ရှိတယ်။ အဲဒီမှာ သူနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် လူငယ်တယောက်ရှိတယ်ပေါ့။ ပြီးတော့ အဲဒီလူကလည်း ထိုင်းဘက်သွားတဲ့လူတွေနဲရင်းနှီးတာကြောင့် အဲဒီလူ ဆီကို စာရေးပေးမယ်ဆိုပြီးပြောတယ်။ ဒါပေမယ့် တောခိုမယ့်အကြောင်းမပြောနဲ့ လို့ ဆိုတယ်။ ဟုတ်ကဲ့ပါ။

ကဲလမ်းကြောင်းကတော့ ရပြီ။ ဒါပေမယ့် ကြာအင်းခရီးစဉ်မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံ ၆၀၀ ဟာ လုံးဝမရှိတော့ဘူး။ အဲဒါကြောင့် ခရီးစရိတ် ဘယ်နှယ့်လုပ်ရပ အားလုံးဝိုင်းစဉ်းစားကြတယ်။ ရှိတဲ့ ပိုက်ဆံက လမိုင်းလောက်ဘဲ ရမယ်။ ဘုရားသုံးဆူသွားဘို့ကတော့ ဝေလာဝေးပေါ့။ အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ဘွားခနဲ ရောက် လာတယ်။ ပဲခူးအနောက်ခြမ်းက ကိုလင်း (ယခု ဖင်လန်တွင် နေထိုင်လျှက်ရှိ) ပါ။ သူလည်းရှောင်လာတာပါ။ ဒါပေမယ့် ခဏရှောင်ပြီး ပြည်တွင်းမှာ ဆက်လုပ်ဦးမယ်လို့ ဆိုတော့ …သူလည်း ဆက်နေဘို့ မလွယ်တဲ့ အကြောင်း ဆွေးနွေးရပါတယ်။ အဲဒါနဲ့ သူလည်း လိုက်မယ်ကွာဆိုပြီးပြောတော့ ကျနော်အတွက် ခရီးသွားဖော် အဖြစ်ရော၊ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရဲဘော်ရဲဘက် တဦးအဖြစ်ပါ အဆင်ပြေသွားပါတယ်။ နောက်တခုက လမ်းစရိတ်အဆင်ပြေသွားပါတယ်။ သူ့မှာ ရွှေဆွဲကြိုးပါလာတော့ အဲဒါကို လိုအပ်တဲ့အခါ ထုမယ်ပေါ့။

ဒါနဲ့ နောက်တရက်မှာ ကျနော်တို့ မော်လမြိုင်-ရေး ရထားနဲ့ ထွက်လာကြတယ်။ ရထားကတော့ ကျပ်လွန်းလှပါတယ်။ ကိုယ်မရောက်ဘူးတဲ့ ဒေသဆိုတော့ ဆိုင်းဘုတ်တခုချင်း ဖတ်ပြီး ရောက်မယ့် ဘူတာကို တမေးတည်း မေးရတော့တယ်။ နောက် စိုးလည်းစိုးရိမ်နေမိတယ်။ ကိုယ်တည်းမယ့်အိမ်ကရော အဆင်ပြေပါ့ မလား။

လမိုင်းဘူတာရောက်တော့ ညနေ၃ နာရီလောက်ရှိပါပြီ။ အဲဒါနဲ့ ကိုလင်းက ကျနော့်ကို တည်းမယ့် အိမ်လိုက်ပို့ တယ်။ ကို….. ရှိပါသလားဆိုတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ထွက်လာပြီး ကျနော်ပါဘဲလို့ ပြောတယ်။ အဲဒါနဲ့ ဖားအောက်က ထည့်ပေးလိုက်တဲ့ စာကိုထုတ်ပေးတော့ စာဖတ်ပြီး လာ.. လာ.. အိမ်ထဲဝင်ပါ ပြောတယ်။ ပြီးတော့ ထိုင်းကို ဘာသွားလုပ်မှာလဲ မေးတော့ ထိုင်းမှာ အလုပ်သွားလုပ်မယ့်အကြောင်း ပြန်ပြောလိုက်တယ်။ ဒါဆို ဒီအိမ်ကနေပြီး တပတ်လောက်စောင့်ပါ။ လူကြုံရှိရင် ထည့်ပေးပါ့မယ် ဆိုတော့ ကိုလင်းက နှုတ်ဆက်ပြီးထွက်သွားတယ်။ သူက မော့ဂနင်းရွာမှာ သွားတည်းမှာပါ။ ခရီးသွားဖို့ အဆင်ပြေမှ လှမ်းအကြောင်းကြားမယ်ပေါ့။ ဒါကလည်း လုံခြုံရေးအရ ခွဲတည်းကြတာပါ။

ညနေ ထမင်းစားသောက်ပြီး အိမ်ရှင်တွေနဲ့ စကားပြောနေတုန်း ကိုလင်း ရုတ်တရက်ပြန်ရောက်လာတယ်။ ဘာများဖြစ်လို့လဲပေါ့။ ဘာမှဖြစ်တာမဟုတ်ဘူး။ သူသွားတည်းမယ့် အိမ်က အိမ်ရှင်တွေမရှိလို့ ပြန်လာတာ။ အဲဒါနဲ့ အိမ်ပိုင်ရှင် အကိုက ဒီမှာဘဲတည်းပါ။ နှစ်ယောက်တည်း လည်း အားနာစရာ မလိုဘူး။ အကိုကြီးအသိတွေဘဲလို့ ပြောတာနဲ့ နှစ်ယောက်သားတည်းဖြစ်သွားတယ်။

ဒီလိုနဲ့ စက်တင်ဘာထဲကို ၀င်လာတယ်။ အိမ်ရှင်အကိုလည်း ထိုင်းဘက်သွားမယ့် ကုန်သည်အဖွဲ့ စုံစမ်းတာက မရသေးဘူး။ တပတ်ကျော်သွားပြီ။ ကျနော်တို့လည်း အားနာလာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အခက် အခဲနဲ့ကိုယ်မဟုတ်လား။ ကျိတ်မှိတ်ပြီးနေနေရတယ်။ တနေ့ကျတော့ အိမ်ရှင်အကို က ပြောတယ်။ ညီတို့ ဒီအချိန် မိုးတွင်းမျိုးက သွားတဲ့လူရှားတယ်။ အဲဒါကြောင့် မင်းတို့ ခဏ အိမ်ပြန်လိုက်။ မိုးတွင်းကုန်ရင် ပြန်လာခဲ့။ အကို ရအောင်ပို့ပေးမယ် ဆိုတယ်။ အဲဒါနဲ့ ကျနော်တို့နှစ်ယောက်တည်း သီးသန့် တိုင်ပင်ကြတယ်။ အခြေအနေကတော့ မထူးတော့ဘူး။ သွားမယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီတောင်းမယ် လို့ ဆုံးဖြတ်လိုက်တယ်။

ဆုံးဖြတ်ပြီး ကိုလင်းက အိမ်ရှင်အကိုကို အကျိုးအကြောင်း စကားပြောတယ်။ ကျနော်က ဘေးနားမှာထိုင်လို့။ တောခိုဘို့လာတဲ့ အကြောင်း ပြောလိုက်တော့ အိမ်ရှင်အကိုက ပြူးပြူးပျာပျာ ဖြစ်သွားတယ်။ ကျနော်တို့လည်း ငိုပြရတော့တာပေါ့။ သူတို့ကလည်း နိုင်ငံရေးအကြောင်းမသိတဲ့ သာမန်အရပ်သားတွေဆိုတော့ လန့်တာပေါ့။ သူကမေးတယ်။ ညီလေးတို့က ခေါင်းဆောင်တွေလား ဆိုပြီး။ ကျနော်တို့လည်း မဟုတ်ရကြောင်း နောက်လိုက်များသာ ဖြစ်ကြောင်းပေါ့။ ဒါပေမယ့် လိုက်ဖမ်းနေတဲ့ အတွက်ကြောင့် လာခြင်းဖြစ်ကြောင်း ပြန်ရှင်းပြရတာပေါ့။ အဲဒီမှာတင် ပိုဆိုးသွားတော့တယ်။

ကျနော်တို့က သာမန်ဆိုရင် ဖမ်းမှာမဟုတ်ဘူးပေါ့ဗျာ။ ဒါဆိုရင် လိုက်ဖမ်းတယ်ဆိုတာ အရေးအခင်းတုန်းက ခေါင်းဖြတ်တဲထဲ ပါလား လို့ မေးပြန်တယ်။ ကျနော်တို့လည်း ရယ်ချင်ပေမယ့် မရယ်ဖြစ်ဘူး။ ခေါင်းဖြတ်ဖို့ မပြောပါနဲ့။ ရန်တောင်မဖြစ်ရဲပါဘူး ဆိုတော့ သူက ဒါဆိုအိမ်ပြန်ပြီး ရှင်းပြလိုက်ပါ။ အေးအေးဆေးဆေး ပြန်နေပါလို့ ဆိုပြန်တယ်။ အဲဒါနဲ့ ကျနော်တို့က ငိုပြ၊ သူ့ခမျာမှာလည်း အကျပ်ရိုက်ပေါ့။ ဒါနဲ့ ကျနော်တို့က ရှင်းပြတယ်။ မကြာခင် ရွေးကောက်ပွဲ ပြီးသွားရင် (၁၉၉၀ ရွေးကောက်ပွဲကို ဆိုလိုတာပါ) ပါတီတခုခု အနိုင်ရမှာဖြစ်တယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ ပြန်လာခဲ့ပါ့မယ်။ အခုဟာက အဖမ်းမခံချင်လို့ပါ ဆိုတော့ သူနည်းနည်းတွေတွေဝေေ၀ ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသုံးဆူသွားတဲ့ လမ်းကြောင်းပေါ်မှာ သူ့ ကရင် သူငယ်ချင်း ဆင်သမားတွေရှိကြောင်း၊ အဲဒီကို ပို့ထားပေးမယ်၊ အားလုံး အဆင်ပြေသွားတဲ့အချိန်ကျမှ အိမ်ပြန်ပေါ့လို့ ဆိုပါတယ်။ ကျနော်တို့က သုံးရက်လောက်အချိန်ပေးပါ။ ကြားမှာ ကျနော်တို့လည်း လူကြုံစုံစမ်းမယ်။ အကိုလည်း စုံစမ်းပေးပါ။ သုံးရက်မှ မဖြစ်ရင်တော့ ကျနော်တို့ အကို ပေးတဲ့ အကြံအတိုင်း လိုက်နာပါ့မယ်ဆိုပြီး ပြန်ပြောတယ်။ အမှန်က အဲဒီဆင်သမားတွေဆီ သွားနေရင်လည်း တောထဲရောက်မှာပါ။ ဒါနဲ့ သူကလည်း အိုကေ လို့ပြန်ပြောတယ်။

သုံးရက်အတွင်း ကျနော်နဲ့ကိုလင်းနှစ်ယောက်သား ရင်းနှီးပြီးသား ဒေသခံလူငယ်တွေကို ရသလောက် မေးမြန်းရတာပေါ့။ နှစ်ရက်ကြာတဲ့ ညမှာ ကျနော်တို့ နေတဲ့ အိမ်ရှေ့မျက်စောင်းထိုးအိမ်ကနေ သတင်းတခု ရလာ တယ်။ ကုန်သည်အဖွဲ့ တဖွဲ့ ဘုရားသုံးဆူဘက်တက်ဖို့ ရှိတယ်။ သန်ဘက်ခါလို့ ဆိုတယ်။ အဲဒါနဲ့ အိမ်ရှင် အကိုကို အဲဒီသတင်းပြောပြတော့ သူသွားစုံစမ်းကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ သန်ဘက်ခါမနက် ငါးနာရီ ထွက်မယ် ပြင်ထားပါ လို့ဆိုတယ်။ နောက်နေ့မနက်ကျတော့ ခရီးစဉ်မှာ လိုအပ်တာတွေ ၀ယ်ဘို့အတွက် ကိုလင်းရဲ့ ဆွဲကြိုးလေးဟာ ဆိုင်ရောက်သွားပါတယ်။ နောက်ခရီးထွက်ဖို့အတွက် ပြင်ဆင်ပေါ့။ ကိုလင်းက ငါးခြောက်၊ ဆေးလိပ်၊ ကြက်သွန်၊ဆားစသဖြင့် သယ်၊ ကျနော်ကတော့ လူနှစ်ယောက်စာအတွက် ဆန်ပေါ့။

မထွက်ခင်ညဘက် အိမ်ရှင်အကိုက ကြက်သားဟင်းနဲ့ ကျွေးပြီး စကားတော်တော်ပြောတယ်။ အတူနေတာ နည်းနည်းကြာသွားတာလည်း ပါတယ်။ နောက် တောထဲမှာ တခုခုဖြစ်တာကို စိုးရိမ်တာလည်း ပါပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ပြန်လာဖို့ကို တဖွဖွမှာတယ်။ တောထဲမှာ အဆင်မပြေဖြစ်ရင် ပြန်လာဘို့ကိုပြောတယ်။ နောက် သူကိုယ်တိုင်လည်း စစ်တပ်ကို မကြိုက်တဲ့အကြောင်း ၊ဒါပေမယ့် နိုင်ငံရေးကို နားမလည်လို့၊ မပတ်သက် ချင်လို့ ဆိုတဲ့အကြောင်းတွေ ပြောဖြစ်တယ်။

မနက်ကျတော့ အိမ်ရှင်အကိုက လေးနာရီလောက်လာနှိုးတယ်။ ထမင်းစားသောက်ပြီး ထမင်းထုတ်ထုတ်ပေး တယ်။ ပြီးတော့ ကုန်သည်အုပ်စုစောင့်နေတဲ့ ရွာအပြင်ကလမ်းဆုံလေးကို လိုက်ပို့တယ်။ ကုန်သည်အဖွဲ့ရောက် လာတော့ ကျနော်တို့က အလုပ်သွားလုပ်မယ်ဆိုတဲ့အကြောင်း၊ သေသေချာချာ လမ်းမှာ ဂရုစိုက်ပေးပါဆိုပြီး တဖွဖွမှာတယ်။ ကျနော်တို့ကိုလည်း သူပြောတာ၊ မှာတာတွေကို မမေ့ဘို့အကြောင်း ပြောပြီး ပြန်သွားတယ်။

အိမ်ရှင်အကိုရဲ့ ကျေးဇူးဟာ ကြီးလှပါတယ်။ သူသာ စိုးရိမ်ပြီး နယ်မြေခံတပ်တို့ ၊ ရဲတို့ကို တိုင်လိုက်ရင် ဒါမှမဟုတ် သူ့အိမ်ကနေ ကျနော်တို့အကြောင်း သိသိချင်း မနေခိုင်းတော့ရင် တကယ့်ကို အကျပ်ဆိုက်မှာပါ။ သူစိုးရိမ်ပေမယ့် ကျနော်တို့ သွားလို့ရအောင်လုပ်ပေးတာကိုက သာမန်လူတယောက်ရဲ့မသိစိတ်ထဲမှာတောင် စစ်တပ်ကိုအလိုလို ဆန့်ကျင်နေတာကြောင့် ဖြစ်မယ်လို့ ကျနော်တွေးထင်မိပါတယ်။ အဲဒီမှာတင် ကုန်သည်အုပ်စုက သွားမယ်၊ မော့ဂနင်ကို မိုးစင်စင်မလင်းခင် ဖြတ်မှ ရမယ်လို့ ပြောတာနဲ့ ကျနော်တို့ စထွက်လာကြတော့တယ်။ အရှေ့မှာတော့ အရုဏ်ပျိုးလုလု…

မော့ဂနင် တပ်ကုန်းက စီးမြင်နေရတဲ့ ရေး-ထားဝယ်ကားလမ်းကို ကျနော်တို့ အလျင်အမြန် ဖြတ်ပြီးတော့ ငါးနာရီခွဲလောက်ပါပြီ။ ကျနော်တို့လိုက်လာတဲ့ ကုန်သည်အုပ်က အတော်များ ပြား ပါတယ်။ အသော့နှင်လိုက်ကြတာ ကျနော်လည်း ရွာအမည်တွေမမှတ်မိတော့ပါ။ တရွာနဲ့ တရွာက တခါတလေ နီးလိုက်၊ တခါတလေ ဝေးလိုက်ပါ။ မိုးတွင်းနှောင်းပိုင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ တောင်ပိုင်းးဖြစ်တာကြောင့် မိုးကရွာဆဲ။ ဒါကြောင့် ရေစီးနေတဲ့ ချောင်းလတ်၊ ချောင်းသေးတွေ အကြိမ်ကြိမ်ဖြတ်၊ ချောင်းကြီးတွေကျရင် ကမ်းပါးတွေကို ကုတ်ကတ်တွယ် တက်ပြီး ကူးရပါတယ်။ ပုဆိုးထဲမှာ ကျောပိုးအိတ်ကို ထည့်ပြီး ခေါင်းပိုးလွယ်။ ပြီးတော့ ဘောကန်ဘောင်းဘီတိုကျပ်ကျပ်နဲ့ တရစပ်လျှောက်လိုက်ရတာ နေ့လည်စာချက်စားမယ် ဆိုတဲ့ ရွာရောက်တဲ့အထိပါဘဲ။ ကျနော်ကတော့ ဟောဟဲ လိုက်နေပါပြီ။ ကိုလင်းက ခန္ဓာကိုယ်အရရော၊ အတွေ့အကြုံအရပါ ကျနော့်ထက် တောင့်တင်းတော့ ကျန်တဲ့လူတွေနဲ့ အမှီလိုက်နိုင်တယ်။ ကျနော်ကတော့ အမျိုးသမီးများတဲ့အဖွဲ့နဲ့နောက်မှာ ကျန်ရစ်ခဲ့တယ်။

နောက်မှ သိရတာက ကျနော်တို့နဲ့အတူ ပါလာတဲ့ ကုန်သည်အုပ်က တဖွဲ့တည်းမဟုတ်ဘူး။ အစုအဖွဲ့တွေနဲ့လာကြတာ။ နေ့လည်စာ ထမင်းစားပြီးတော့ ကိုလင်းနဲ့ အတူလျှောက်နေတဲ့ အဖွဲ့က ဆက်ထွက်သွားတော့ ကိုလင်းက ညကျမှ အိပ်တဲ့နေရာမှာ တွေ့မယ်လို့ ပြောသွား တယ်။ မင်းတော့ဖြည်းဖြည်းဘဲ ဒီကုန်သည်အဒေါ်တွေနဲ့ လိုက်ခဲ့ပေါ့လို့ ပြောပြီးထွက်သွား တယ်။

ကျနော်တို့ ဆက်ထွက်လာတာ ချောင်းလတ်လတ်တခုစီးနေတဲ့ လယ်ကွင်းသေးသေးတခုကို ရောက်သွားတယ်။ တော်တော်ကြီးတဲ့ လယ်တဲလေး တလုံးရှိတယ်။ ဒီည ဒီမှာအိပ်မယ် လို့ပြောတော့ လူကထိတ်ခနဲ ဖြစ်သွားတယ်။ အရှေ့ကအဖွဲ့ကို အမှီမလိုက်တော့ဘူးလား အဒေါ်လို့ မေးတော့ သူတို့နဲ့ ငါတို့အဖွဲ့နဲ့က တူတာမဟုတ်ဘူးတဲ့။ ဘာမှ မပူပါနဲ့ ဘုရားသုံးဆူကျရင် နင့်သူငယ်ချင်းနဲ့ ပြန်ဆုံမှာပါ လို့ အဒေါ်ကြီးက ပြန်ပြောတယ်။ ဟုတ်ကဲ့ သာ ပြန်ပြောလိုက်ရတယ်။ လူ့မှာတော့ စိုးတထင့်ထင့်ပါ။ ကျနော့်ပိုးအိတ်ထဲမှာက ဆန်နဲ့ ငါးခြောက်၊ ကြက်သွန်နီပဲပါတယ်။ ကျန်တဲ့ ဆေးလိပ်တို့ ဘာတို့အားလုံးက ကိုလင်းနဲပါသွားပြီ။ ကဲ-အခုမှတော့ ပေါက်တဲ့နဖူးမထူးတော့ပါဘူးဆိုပြီး ချောင်းထဲ ရေသွားစိမ်ပြီးနေလိုက်တယ်။

ထမင်းစားသောက်ပြီး ဆေးလိပ်သောက်ချင်လာတော့ ဆေးလိပ်လည်း မရှိဘူး။ အဲဒီမှာတင် ပွတ်ချွန်းနဲ့ စတွေ့တော့တာပါဘဲ။ ဆေးရွက်ကြီးတွေကို အမျှင်လေးတွေ ဖြစ်အောင်လှီးထားပြီး သတင်းစာစက္ကူနဲ့ လိပ်သောက်ရတဲ့ ပွတ်ချွန်းကို အဲဒီမှာ စဖွာရတော့တာပါဘဲ။ အဒေါ်ကြီး ငှားလာတဲ့ ကုန်ထမ်းအငှားသမားတွေလည်း ကုန်ထမ်းရ၊ ချက်ပြုတ်ရတဲ့အပြင် ကျနော့်ကို ပွတ်ချွန်းလိပ်ပေးရတဲ့ အလုပ်ကိုပါ အပိုဆောင်းလုပ်ပေးခဲ့ရတယ်။

လမ်းမလျှောက်ဘူးတော့ နောက်နေ့မှာ ဘယ်လိုမှ လျှောက်ချင်စိတ်မရှိတော့အောင်ကို ဖြစ်ပေမယ့် လျှောက်မှ ရောက်မယ့်အဖြစ်မို့ ဆက်လျှောက်ခဲ့တယ်။ ကျနော်တို့နဲ့ ပါလာတဲ့ အုပ်စုထဲမှာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်မယ့် ခပ်ငယ်ငယ်မိသားစုတစုလည်း ပါတယ်။ သားအမိသားအဖ သုံးယောက်ပါ။ ယောင်္ကျားဖြစ်သူက ကျနော့်ကို အမြဲစောင့်စောင့်ခေါ်တယ်။ ကျနော်ကလည်း ကိုယ့်ကြောင့် ခရီးနှောင့်နှေးမှာစိုးပြီး မှီအောင်တော့ အမြဲလိုက်လာခဲ့ပါတယ်။ အဲဒီမိသားစုနဲ့ တော်တော်လေးလည်း ခင်သွားတယ်။

သွားနေရင်းတရက်မှာ အုန်းထမင်းစားလိုက်ရသေးတယ်။ နေ့လည်ဘက်ရွာလေးတရွာမှာ ၀င်နားတုန်း အဒေါ်ကြီးက ကြက်တကောင်ရတယ်ဆိုပြီး အုန်းသီးခူးခိုင်းပြိး အုန်းထမင်းချက် တာ၊ အဲဒီရွာမှာဘဲ သူပုန်လို့ ပြည်မကခေါ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်သား သုံးလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို ပြောပြီးနေခဲ့ရင် ရပေမယ့် ကိုလင်းနဲ့လည်း တွေ့ချင်တာကြောင့် ဘာမှ မပြောဘဲ ဆက်လာခဲ့တယ်။

သုံးရက်မြောက်နေ့ မနက်ပိုင်းကျတော့ ဇမိမြစ်ကမ်းပါးကို ကျနော်တို့ ရောက်ခဲ့ပါပြီ။ အဲဒီကနေ လှေစီးပြီးသွားရမှာပါ။ ကျနော့်မှာတော့ အခက်ကြုံရပြန်ပြီ။ ကိုလင်းနဲ့အတူ ငွေတွေအားလုံး ပါသွားခဲ့တာကြောင့် လှေစီးဘို့ မပြောနဲ့ ဆေးလိပ်ဖိုးတောင်မှ မရှိလို့ ပွတ်ချွန်းသောက်ခဲ့ရတာ မဟုတ်လား။ လှေစောင့်နေတဲ့ အဒေါ်ကြီးနားကို သွားပြီး လှေခစိုက်ထားဖို့အကြောင်း၊ ဘုရားသုံးဆူ ရောက်မှ ပြန်ပေးမယ်ဆိုတဲ့အကြောင်း ပြောတော့ သူက ဟက်ဟက်ပက်ပက် ရီပါတယ်။

`ငါသိပါတယ်.. ကောင်လေးရဲ့၊ ကျန်တဲ့လူတွေလည်း သိကြတယ်။ ပြန်မပေးလည်း ပြဿနာ မရှိဘူး။ နင်တို့ကို စတွေ့ကတည်းက အလုပ်သွားလုပ်မယ့် လူတွေ မဟုတ်ဘူးဆိုတာလည်း သိတယ်။ တောခိုလာတဲ့ ကျောင်းသားတွေမှန်းလည်း သိတယ်။ အဲဒါကြောင့် ဒီအထိ နင့်အဖော်မရှိတာ တောင် ကောင်းကောင်းမွန်မွန် ခေါ်လာတာပေါ့။ ဟိုရောက်မှ အဆင်ပြေလည်း ပေး၊ မပြေလည်း မပေးနဲ့။ တောခိုမယ့် ကျောင်းသားတွေကို ငါခေါ်ခေါ်လာပေးတာ မနည်းတော့ပါဘူး။´လို့ ပြန်ပြောတော့ ၀မ်းလည်းဝမ်းသာသွားတယ်။ ရှက်လည်း ရှက်သွားတယ်။ ကိုယ့်မှာတော့ အလုပ်သွားလုပ်မယ်ဆိုပြီး ဟန်တွေပန်တွေ လုပ်နေရတာ။ သူတို့အားလုံးက သိနေခဲ့ပါလား ဆိုပြီး၊ နောက်တခုက လူထုရဲ့တရားကို မြင်ရလို့ပါ။ အာဏာရှင်ကို ဆန့်ကျင်ဘို့အတွက်မှာ အပြည့်အ၀မပါဝင်နိုင်သေးပေမယ့် တတ်နိုင်တဲ့ ဘက်က ၀ိုင်းလုပ်နေပါလားဆိုတာကို ကျနော်မြင်ရလို့ပါ။ အဲဒီမှာ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ လှေပေါ်တက်ပြီးထွက်ခဲ့တယ်။

မြစ်သာဆိုတယ်။ ချောင်းကျယ်တခုလောက်ပါဘဲ။ တောင်ဆင်ခြေလျောတလျှောက် ရေဆင်း လာတာဆိုတော့ ရေဆန်ကအရမ်းပင်ပန်းတယ်။ စက်လှေနဲ့ တက်ပေမယ့်လည်း တချို့နေရာတွေမှာလူတွေ ဆင်းတွန်းရတယ်။ ရေကကြည်လင်လွန်းနေပြီး အနက်က ဒူးဆစ်သာသာလောက်ဘဲ။ ချောင်းလယ်နဲ့ ကမ်းပါးဘေးကျောက်ဆောင်တွေကြားမှာ မိုးမခပင်တွေ။ တခါတလေ ရေအားသန်တဲ့ နေရာတွေကျရင် လှေပေါ်ပါတဲလူအားလုံး မိုးမခပင်တွေကို ဆွဲထား၊ ပြီး ညာသံပေးပြီး လှုပ်ပေးကြ။ အဲဒါမှ မရရင် ဆင်းတွန်းကြနဲ့ ပွဲတော်တခုကို သွားနေကြသလို ပါဘဲ။

လှေ နှစ်နာရီခွဲ၊ သုံးနာရီသာသာလောက် စီးပြီးတော့ ချောင်းဆုံကို ရောက်ပါပြီ။ ချောင်းဆုံမှာက မွန်ပြည်သစ်ပါတီရဲ့ တပ်တွေရှိတယ်။ ကုန်သည်တွေအ၀င်အထွက် အရမ်းများတယ်။ လှေကပ်ပြီး အပေါ်ကို မော့ကြည့်တော့ တဲတလုံးရဲ့ ၀ရန်တာမှာ ကိုလင်း ထိုင်နေတာ တွေ့ရတယ်။ သူ့တွေ့တော့ တော်တော်လည်း ပျော်သွားတယ်။ အဲဒါနဲ့ ကိုလင်းဆီ က ငွေတောင်းပြီး အဒေါ်ကြီးကို ပေးတော့ အဒေါ်ကြီးက မယူပါဘူး။ ဒါပေမယ့် အတင်းပေး တော့မှ ယူတယ်။ နောက် ဆုပေးတယ်။ ဘေးမထိ ရန်မခပါစေကြောင်းဆိုပြီး။ သူတို့က အဲဒီမှာ နေခဲ့ဦးမယ်လေ။ ဒါနဲ့ အားလုံးကိုနှုတ်ဆက်ပြီး ဘုရားသုံးဆူကို ရောက်မယ့် လမ်းအတိုင်း ဆက်လျှောက်လာခဲ့တယ်။ (နောက်ပိုင်းအဒေါ်ကြီးနဲ့ရော၊ ဟိုမိသားစုလေးနဲ့ပါ ဆုံဖြစ် ပါ သေး တယ်။ဘုရားသုံးဆူ မကျခင်အထိ)

ဘုရားသုံးဆူရောက်တော့ ကရင်-မွန် ပူးတွဲကော်မတီ အခြေစိုက်တဲ့ ရုံးရှိရာကိုသွားတော့ တောခိုလာတဲ့ ကျောင်းသားတွေကို လက်ခံဖို့အတွက် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်က လာနှုတ်ဆက်တယ်။ ပြီးတော့ ကျနော်တို့ကို တပ်ရင်းအခြေစိုက်ရာကို ခေါ်သွားတယ်။ ထိုင်းမြေကို ဖြတ်ရတာမို့ ကားစီးလာခဲ့ရတယ်။ ဘုရားသုံးဆူဈေးကိုလည်း ခဏဘဲ ကြည့်ဖြစ်တယ်။ ကားပေါ်ကနေပါ။ ကားကို ၁၅ မိနစ်လောက်စီးလာတော့ နမ့်ကိတ်ဆိုတဲ့နေရာကို ရောက်သွားတယ်။ ထိုင်း-မြန်မာနယ်နိမိတ်ကို အဲဒီနေရာမှာ ကားလမ်းနဲ့ ပိုင်းထားတာပါ။ မြန်မာမြေဘက်ပြန်ကူးပြီး ၁၅ မိနစ်လောက်ထပ်လျှောက်တော့ အော်သံတချို့ကို ခပ်အုပ်အုပ်ကြားရတယ်။ သေချာနားထောင်ကြည့်တော့
`ဘာလုပ်နေလဲ ၊ လေ့ကျင့်နေတယ်´
`ဘာစိတ်ဓာတ်လဲ၊ ခွပ်ဒေါင်းစိတ်ဓာတ်´ ဆိုတာပါဘဲ။

ပြီးတော့ ခွပ်ဒေါင်းအလံစိုက်ထားတဲ့ ကင်းဂိတ်တခုနဲ့ ကင်းစောင့်နေတဲ့ စစ်ဝတ်စုံဝတ်ထားတဲ့ သူရဲ့ ရင်ဘတ်မှာ ကျောင်းသားတပ်မတော်ဆိုတဲ့ ရင်ဘတ်တံဆိပ်ကို တွေ့လိုက်ရပါတယ်။ သေချာပါပြီ။ ကျနော် မျှော်မှန်းရည်ရွယ်လှမ်းလျှောက်ခဲ့တဲ့ ခရီးလမ်းဆုံးကို ရောက်ခဲ့ပါပြီ။ ဒါပေမယ့် အမေ့အိမ်ကထွက်လာတဲ့ခရီးအတွက် လမ်းဆုံးပန်းတိုင်ဖြစ်ပေမယ့် တော်လှန်ရေး ပြောက်ကြား ရဲဘော်တဦးရဲ့ ဘ၀အတွက်တော့ အစပြုရာပါ။ ။

ပြီး


No comments:

Post a Comment