ကျနော်ကြိုက်နှစ်သက်သော စာရေးဆရာ ကဗျာဆရာ ဒဂုန်တာရာ ၏ ကဗျာကို ကူးယူဖေါ်ပြထားခြင်း ဖြစ်သည်။
မတ်လတော်လှန်ရေး
မိုးကုပ်ကုပ်ဝယ်
အို-ရုတ်တရက် ၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ် ၊ပတမြားရည်
စီးလည်အဟုန် ၊နီ မြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး ။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ် ၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း ၊ မနီးမဝေး
ချောင်းရိုးဘေးမှ ၊ ဖြေးဖြေးညင်းညင်း
လှေတစင်းထက် ၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့် ၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရှေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက် ၊ ကွယ်ပုန်းဝှက်လာ
ယူကာ လက်ထောက် ၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ် ။
အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက် ၊ ချောင်းကွေ့ထက်တွင်
အုပ်ယှက်ထွေးရော ၊ သင်ပေါင်းတောဧ။် ၊
နောက်ကျောစေးပျစ် ၊ သောင်ရေစစ်မှ
ဖက်စစ်ကင်းစောင့် စစ်စခန်း ။
ချောင်းကိုကွေ့သော် ၊
တွေ့လျှင်တွေ့ချင်း ၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ ၊ နီး၍ လာလျှင်
အသာရုတ်ချင်း ၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန် ၊ သေနတ်သံသည်
မြစ်ယံပဲ့တင် ထပ်သတည်း ။
ငွေလရောင်လျှင်
အမှောင်ညရိပ် ၊ သေးသေးစိတ်သား
မိုးထိပ် တိမ်မော် ၊ငြိမ့်ငြိမ့်ပေါ်သည်
သော်တာပြုံးလဲ့ ၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့် ညဥ့်ခါ ၊ ထိန်ထိန်သာသော်
ကျယ်စွာ ၀န်းလျား ၊ လယ်ကွင်းနားမှ
တောဖျား ညို့အုပ် ၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း ၊ တွဲတွဲဆိုင်း၍
ဖြူဝိုင်းစက်စက် ၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင် ၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိပ်ကာ ။
ရွာတစ်ရွာကား ၊
မှိုင်းပြာမဲညို့ ၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့် ၊ ပရမ်းပတာ
ထွက်ပြေးရရှာ ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀ ၊ မီးလောင်မြေမှာ
နွမ်းခွေပျောင်းယဲ့ ၊ ညင်းလေဖွဲ့က
သဲ့သဲ့ ခွေးဟောင်သံ တကား ။
ခရေပွင့်လျှင် ၊
ကြွေရင့်ဝါ၀ါ ၊မြေထက်မှာလျှင်
ရောကာပေါင်းယှက် ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး ၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်၇ွက်ကြွေ။
ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ် ၊ ဘ၀သစ်သို့
သနစ်ပြောင်းမည် ၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့် ။
ဒဂုန်တာရာ
၁၉၄၇ခုနှစ်ကရေးဖွဲ့ ခဲ့တာပါ။
No comments:
Post a Comment