home

Tuesday, December 28, 2010

လူတွေကခက်တယ်ဗျာ

မိုးတိမ်ညို ဘလော့ခ်မှ ကူးယူဖော်ပြသည်။

လူတွေကခက်တယ်ဗျာ။ ခက်တယ်ဆိုတာဒီလိုပါ။ နားလည်မှု့မရှိတာ၊ မသိတတ်တာ၊ အတ္တကြီးတာ၊ ကိုယ်ချင်းမစာတတ်တာ အဲဒါတွေကြောင့် ခက်တယ်လို့ပြောတာ။ သူများခက်တာကိုပဲ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ခက်တွေလည်း ပါပါတယ်။ ကျွန်တော်လည်း လူပဲကို။ ကျွန်တော်ခက်တာတွေကိုတော့ ပြီးမှပြောမယ်ဗျာ။ သူများခက်တာတွေ အရင် ပြောပါရစေ။

လူတွေမှာ အခက်ဆုံးတစ်ခုက ကိုယ့်ကိုယ်ကို မမြင်နိုင်တာပဲ။ ဘာတဲ့ သူများမျက်ချေးကိုပဲ မြင်ပြီး ကိုယ့်မျက်ချေးကြတော့ မမြင်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကိစ္စတွေမှာ တကယ်မှန်တယ်ဗျ။ ကျွန်တော်တွေ့ဘူးတဲ့ မိန်းမတစ်ယောက်ဆိုရင် ဒီလိုပြောတယ်ဗျာ။ "ဟိုကောင်မများ အားအားယားယား သူများအတင်းချနေလိုက်တာ ကျုပ်တို့ဖြင့် သူများအကြောင်း ယောင်လို့ တောင်မပြောပေါင်" တဲ့။ ကဲဗျာ။ သူပြောတာကြားတော့ ကျွန်တော် ပြုံးပဲ ပြုံးမိပါတော့တယ်။ ဒါကြောင့်ပြောတာ။ လူတွေက ခက်တယ်လို့။

တလောက ဖတ်ဖူးတဲ့ ဘူးရွက်ဟင်းချို ဇာတ်လမ်းလေး လဲအဲလိုပဲ။ အတိုချုံးပဲ ပြောတော့မယ်ဗျာ။ လင်မယား နှစ်ယောက်နဲ့ သမီးလေးတစ်ယောက်ရှိသတဲ့။ ယောက်ကျားက လေဖြတ်နေတော့ စီးပွားရေး အဆင်မပြေကြဘူး ပေါ့ဗျာ။ တစ်ရက်ကြတော့ ဟင်းချက်မလို့ ဟင်းမရှိတော့ မိန်းမက အပျိုပေါက်အရွယ် သမီးလေးကို ဘေးအိမ်မှာ ဘူးညွှန့် သွားခူးခိုင်းတယ်တဲ့။ ဘူးညွှန့် သွားခူးတဲ့ သမီးလေးက အပြန်ကြတော့ ငိုပြီး ပြန်လာတယ်တဲ့ဗျာ။ အမေက မေးတော့ အဲဒီသွားခူးတဲ့ အိမ်ကအဒေါ်ကြီးက ဘူးညွှန့်လာခူးလို့ တင်တင်စီးစီး ပြောလိုက်လို့ ငိုတာလို့ပြောသတဲ့။ အဲဒါနဲ့ အဖေရော အမေရော စိတ်မကောင်းဖြစ်ကြပြီး ဘူးညွှန့် တစ်စီး အတွက်နဲ့ ဒီလိုအပြောခံရတာ နောက်အပြောမခံရအောင် ကြိုးစားမယ် ဆိုပြီး ကြိုးစားကြတာ နောက်တော့ စီးပွားရေး အတန်အသင့် အဆင်ပြေသွားတဲ့ အကြောင်းပါ။

ဒီဇာတ်လမ်းက ယေဘူယျအားဖြင့် ဘာ မက်ဆေ့စ် ပေးချင်တာလည်းဆိုတော့ ဘူးရွက်တစ်ညွှန့်ကြောင့် မခံချင်စိတ်၊ အဲဒီကနေကြိုးစားချင်စိတ်ပေါ်လာပြီး အောင်မြင်တဲ့အကြောင်း အဲလိုပြောချင်တာ လို့ယူဆပါတယ်။ တခြားဖက်ကနေတွေးကြည့်လိုက်ရင် ဒီလိုဗျ။

ဘူးရွက်သွားတောင်းလို့ ပြောဆိုလွတ်လိုက်တဲ့ မိန်းမကြီးက အပြင်လောကမှာ ဆိုရင် ဘယ်လိုနေမလဲ။ တော်ရုံတန်ရုံ စိတ်ထားရှိတဲ့သူတစ်ယောက်ဆိုရင် ဘူးရွက်တစ်ခါလာတောင်းရုံ နဲ့တော့ စိတ်မဆိုးလောက်ပါဘူး။ သူတို့မိသားစုကရော ဘူးရွက်အပြင်ဘာတောင်းဖူးလဲ။ နေ့တိုင်းတောင်းနေသလား။ အဲလိုဆိုရင်တော့ သူသူကိုယ်ကိုယ်စိတ်တိုမှာပဲလေ။ အဲလိုမမြင်ပဲနဲ့ ဘူးရွက်လေးတောင်းတာများ ပြောဆိုလိုကတာလို့ ပဲလူတွေကမြင်ကြတယ်လေ။ ကိုယ့်လိုအပ်ချက်ကိုကြတော့ မမြင်ကြဘူး။ ကဲ မခက်လား။

ပြီးတော့လာပြီ ကျွန်တော့်အကြောင်း။ စင်ကာပူမှာ ကျွန်တော့်အတွက် စိတ်အနှောက်အယှက် ဖြစ်တာ တစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ စက်ဘီးတွေ ပလက်ဖောင်းပေါ် တက်စီးတာကိုပဲ။ လမ်းလေးများ အေးအေးဆေးဆေး လျှောက်ရင်ချင် ဘယ်တော့မှ အေးအေး မလျှောက်ရဘူး။ နောက်ကနေ ကလင် ကလင် နဲ့လုပ်လိုက် တိန် ကနဲ တင်ကနဲ တီးလိုက်နဲ့ တော်တော် စိတ်အနှောက်အယှက်ဖြစ်တယ်။ တစ်ခါတစ်လေ နောက်ကနေ ဆောင့်တွန်းပစ်ချင်စိတ်တောင် ပေါက်မိပါရဲ့။

အဲ ဒါက ကျွန်တော်စက်ဘီး မစီးဖူးခင်က အတွေးခင်ဗျ။
ကျွန်တော် တစ်ခါတော့ သူငယ်ချင်း စက်ဘီးယူစီးပြီး တစ်နေရာသွားပြန်တော့ ဟဲဟဲ လမ်းလျှောက်နေတဲ့ သူတွေကို နောက်ကနေ သိမ်းကျုံး တိုက်ပစ်ချင်ပြန်ရောဗျာ။ ဘယ်နှယ့်ဗျာ ရှေ့မှာ ကိုးလိုးကန့်လန့်နဲ့။ ဘယ်ဘက်ရှောင်ရမလို ညာဘက်က ရှောင်ရမလိုနဲ့။ တော်တော် ခက်တဲ့ လူတွေပဲ။

အဲဒီမှာ ကျွန်တော်ဘာသွားတွေ့လည်း ဆိုတော့ ကျွန်တော်တို့ရဲ့ အတ္တကိုပဲဗျ။ လူတိုင်းမှာတော့ အနည်းနဲ့ အများ အတ္တရှိကြတာပဲ။ အတ္တမရှိဖို့ဆိုတာ သာမာန်လူအတွက် မလွယ်ပါဘူး။ အဲဒီအတ္တကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့ အပေါ်မှာစဉ်းစားသင့်ပါတယ်။

ကောင်းတဲ့ အရာအားလုံးကို လူတိုင်းလိုက်လုပ်နိုင်တာ မဟုတ်ဘူးဗျ။ ဥပမာ ငါးပါးသီလ ကိုပဲကြည့်လေ။ ကောင်းတယ်၊ လူတိုင်းသိတယ်။ ဒါပေမယ့် တစ်ကယ် လုံနိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ မရှိဘူးဗျ။ လက်ချိုးရေကြည့်လို့ရတယ်။

တစ်ခါတစ်လေကျတော့ လူတစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတာ အဲဒီ အတ္တကြောင့်ပဲလို့ ထင်ပါတယ်။ လူတိုင်းကတော့ ကိုယ်မှန်တယ်လို့ ထင်ကြတာပဲ။ တစ်ချို့ကိစ္စတွေမှာ နှစ်ယောက်လုံးမှန်တယ်ဗျ။ ဥပမာ ခွေးသား အရမ်းကြိုက်တဲ့သူနဲ့ ခွေးအရမ်းချစ်တဲ့ သူအတူတူနေကြရင် တစ်ချိန်ချိန်တော့ ပြသနာ တက်မှာပဲ လို့တွေးကြည့်လို့ရတယ်ဗျ။ ဘယ်သူမှားသလဲ မှန်သလဲကတော့ ဘယ်လိုပြောမလဲ။

လူတွေကခက်နေတာ ရုပ်ရှင်ထဲကလို လူဆိုးနဲ့ ဇာတ်လိုက်ကွင်းကွင်းကွက်ကွက်ကြီး ခွဲကြည့်ချင်ကြတယ်။ အပြင်လောကမှာ အဲဒီအခြေအနေကရှားပါတယ်။ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ ကျွန်တော်နဲ့ အဆင်မပြေဖြစ်ခဲ့တဲ့သူ၊ မတဲ့ခဲ့တဲ့သူတွေအကြောင်း။ သေသေချာချာစဉ်းစားကြည့်ရင် သူတို့လည်း သူတို့ အသိုင်းအ၀ိုင်းမှာတော့ ပုံမှန်လူတွေပဲ။ အဲ တစ်ချို့သူတွေအတွက်တော့ လူကောင်းတွေပဲ။ အဲလိုဆို တော့ကျွန်တော်ကရောလူဆိုးလား။ ကျွန်တော်လည်းလူဆိုးမဟုတ်ဘူး လို့ထင်တာပါပဲ။ အဖြေကတော့ အခြေအနေတစ်ခုခုမှာ ကတောက်ကဆဖြစ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက်မတည့်ကြတာပဲလို့။ အဲဒါကို လူဆိုးလူကောင်းခွဲနေလို့ကတော့ ဘယ်တော့မှ အဖြေထွက်မှာ မဟုတ်ဘူးဗျ။

တကယ်ဗျ။ လူတစ်ချို့ကတော်တော်ခက်တယ်။ ကိုယ့်အမှားကိုယ် ဘယ်တော့မှ မမြင်ဘူး။ သူများအမှားပဲ မြင်တတ်တယ်။ အဲဒီအထဲမှာ ကျွန်တော်လည်း ပါချင်ပါမှာပါ။ တကယ်ဖြစ်သင့်တာက လူတစ်ယောက်ယောက်နဲ့ အဆင်မပြေဖြစ်ရင် ငါဘာမှားသွားလည်း အရင်စဉ်းစားသင့်တယ်။ ပြီးမှ အကြောင်းအရင်း သေချာရှာ။ ရုပ်ရှင်ပြသလို တစ်ကွက်ခြင်းရှင်းရှင်းလင်းလင်း ပေါ်လာလိမ့်မယ်။ အဲလို မဟုတ်ပဲ ငါဒီလောက်ကောင်းတာကို ဟိုအကောင်များ ယုတ်မာလိုက်တာလို့ စဉ်းစားရင်တော့ ဘယ်တော့မှ အဖြေထွက်မှာ မဟုတ်ဘူး။

Chicken Soup For the Soul ထဲက ၀တ္ထုတိုလေး တစ်ပုဒ်လိုပဲ။ ဒီလိုဗျ။

တစ်ခါက ခရီးသွားတစ်ဦးက မြို့တစ်မြို့နားရောက်လာတော့ မြို့ အ၀င်ဝမှာ ထိုင်နေတဲ့ ပညာရှိကြီး ချဉ်းကပ်ပြီး ဒီမြို့က လူတွေက စိတ်နေစိတ်ထား ဘယ်လိုရှိကြသလဲလို့ မေးတယ်တဲ့။ အဲဒီတော့ ပညာရှိကြီးက ခရီးသွားကို ခင်ဗျား အရင်ထွက်လာခဲ့တဲ့ မြို့ကလူတွေကရော ဘယ်လိုလဲဗျလို့ ပြန်မေးလိုက်တယ်တဲ့။ အဲဒီတော့ ခရီးသွားက ‘ဟာဗျာ အရင်မြို့ကလူတွေကတော့ ယုတ်မာလိုက်တာဗျာ။ တကယ်ကို စိတ်ပုတ်တဲ့ သူတွေပဲ ကျွန်တော်ဖြင့် အဲဒီမြို့က မြန်မြန်ထွက်လာတာ ကံကောင်းတာပဲ’ လို့ ဖြေသတဲ့။ အဲဒီတော့ ပညာရှိကြီးက ‘ဒီမြို့မှာလည်း ခင်ဗျား အဲလိုလူတွေပဲ တွေ့ရဦးမှာပါပဲ’ လို့ ပြန်ဖြေသတဲ့။

ခဏနေတော့ နောက်ခရီးသွားတစ်ဦးရောက်လာပြီး ပထမခရီးသွားအတိုင်းပဲ မေးပြန်သတဲ့။ ပညာရှိကြီးလည်း ပထမခရီးသွားကို မေးသလိုပြန်မေးတော့ ဒုတိယခရီးသွားက ‘အရင်မြို့က လူတွေကဗျာ တော်တော် ကိုစိတ်ကောင်းရှိကြတာဗျ။ ကူညီတတ်တာလည်းလွန်ရောဗျာ။ စိတ်ထားလည်း ကောင်းလိုက်ကြတာ။ ကျုပ်ဖြင့် အဲဒီမြို့က ထွက်လာရတာ စိတ်တောင် မကောင်းဘူး။ မဖြစ်လို့သာ ထွက်လာခဲ့တာ’ လို့ ဖြေသတဲ့။ အဲဒီတော့ ပညာရှိကြီးက ‘ဒီမြို့မှာလည်း ခင်ဗျား အဲလိုလူတွေပဲ တွေ့ရဦးမှာပါပဲ’ လို့ ပြန်ဖြေလိုက်ပါတယ်တဲ့။

ကဲအဲဒီတော့ဗျာ မိတ်ဆွေလည်း တခြားလူတွေကပဲ တော်တော်ခက်တယ် (ကိုယ်ကတော့ မခက်ဘူး) လို့ ထင်နေရင် အင်း ရှေ့လျှောက်လည်း ခက်တဲ့ သူတွေပဲ တွေ့ရဦးမှာပါပဲ လို့ ပညာရှိကြီးက ပြောမှာ အသေအချာပဲဗျို့။

ဒီဇင်ဘာ ၂၀၁၀။
မိုးတိမ်ညို

မိုးတိမ်ညို ဘလော့ခ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment