home

Wednesday, April 6, 2011

*မယောင်ရာ ဆီမလူးနဲ့*

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံတကာ အဖွဲ့အစည်းတခုမှာ အလုပ်လုပ်နေတဲ့ အနောက်နိုင်ငံသူ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ တစ်ခါမှ မတွေ့ဖူးသူပါ။ မိတ်ဆွေတစ်ယောက်ရဲ့ မိတ်ဆက်လမ်းညွှန်မှုနဲ့ ရောက်လာတာ ဖြစ်ပါတယ်။

*လက်မ၀င်ဘူး*

သူက လိင်ခွဲခြားမှု (gender discrimination) နဲ့ ပတ်သက်တဲ့ သုတေသန လုပ်နေသူပါ။ မေးမြန်းဆွေးနွေးချင်တာတွေ မေးခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကြောင့် စကားပြောဖြစ်ကြပါတယ်။ သူကိုယ်တိုင်က အလေးအနက် လေ့လာထားလို့ စကားပြောရတာ လက်မ၀င်ဘူး။ အဆင်ပြေတယ်။ ဘယ်လောက်ထိ လေ့လာထားသလဲဆိုရင် မဟာယနနဲ့ ဟိနာယန ဗုဒ္ဓဘာသာဂိုဏ်းတွေအကြောင်း ကောင်းကောင်းသိထားတယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သူက အတော်ကြီး လေးစားတယ်။ တခြား အိမ်နီးချင်းနိုင်ငံတွေလို အမျိုးသမီးတွေကို ဒုတိယတန်းစား လူသားများအဖြစ် သဘောမထားဘဲ အိမ်ထောင်စုရဲ့ စီမံခန့်ခွဲသူ ငွေကိုင်အဖြစ် နေရာပေးတာကို သူက ချီးကျူးတယ်။

*မိန်းမလျာ ယောက်ျားလျာ*

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူနဲ့ ဆွေးနွေးဖြစ်တာတွေကို ဒီနေရာမှာ မရေးတော့ပါဘူး။ ရေးချင်တဲ့ အကြောင်းအရာ လမ်းချော်သွားမှာစိုးလို့ပါ။ စနစ်တကျ ထဲထဲဝင်ဝင် လေ့လာထားတာကြောင့် သူ့ကို လေးစားသလို၊ ဒီလို လေ့လာနိုင်အောင် လုံလောက်တဲ့ အထောက်အကူပြုတဲ့ ပညာရေးစနစ်ကိုလည်း အားကျမိပါတယ်။ ဒီနေရာမှာ အဓိက ရေးချင်တာက သူ မေးတဲ့ နောက်ထပ် အကြောင်းအရာနဲ့ ပတ်သက်ပါတယ်။ သူက မြန်မာနိုင်ငံမှာ မိန်းမလျာ (gay) နဲ့ ယောက်ျားလျာ (lesbian) များရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဌာန်းထားတာ ဘာကြောင့် မရှိရတာလဲဆိုတဲ့ အချက်ဖြစ်တယ်။ မိန်းမလျာ ယောက်ျားလျာများနဲ့ ပတ်သက်ပြီး မြန်မာလူမျိုးများက သရော်လှောင်ပြောင်လေ့ရှိပြီး မနှစ်မြို့တဲ့ သဘောနဲ့ ဆက်ဆံတတ်ကြတယ်။ အများစုက ရှုတ်ချတဲ့ အမြင်ရှိကြတယ်။ အများစုက ရှုတ်ချတဲ့ အမြင်ရှိကြတယ်။ ဆေးပညာ ရှုထောင့်အမြင်နဲ့ ကြည့်တတ်ဖို့ ပညာပေးတာမျိုး မရှိတဲ့အပြင် ပိုဆိုးတာက သူတို့ရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့်ကို လေးစား အသိအမှတ်ပြုခြင်း မရှိတာ ဖြစ်တယ်လို့ ပြောပါတယ်။

*တိုက်ရိုက်မေးခွန်း*

အဲဒီနောက် သူက နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ လူငယ်အရေး၊ နိုင်ငံတကာအရေး၊ စာနယ်ဇင်းလောကအရေး စတဲ့ လူ့လောကရဲ့ ကိစ္စမှန်သမျှကို တို့ထိ ရေးသားနေသူ တစ်ဦးအနေနဲ့ မိန်းမလျာ ယောက်ျားလျာများရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ရေးဖူးပါသလားလို့ တိုက်ရိုက် မေးခွန်းထုတ်ပါတယ်။ မရေးဖူးဘူးလို့ ချက်ချင်း ဖြေလိုက်တော့ ဘာကြောင့်လဲ၊ ရေးဖို့ လိုအပ်တယ် မထင်လို့လား။ ဒါမှမဟုတ် သူတို့ကို မနှစ်မြို့လို့လားလို့ ထပ်မေးပြန်တယ်။ သူ ဒီလို မေးတာကို မအံ့သြပါဘူး။ အနောက်နိုင်ငံက လူတွေ အများစုက တခြားနိုင်ငံတွေကို ကြည့်တဲ့အခါမှာ သူတို့ ရောက်ရှိနေတဲ့ လက်ရှိ အခြေအနေ အဆင့်အတန်းက နှုန်းစံတွေနဲ့ပဲ ချိန်ထိုးကြည့်လေ့ ရှိကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေး ငါး ခြောက်ဆယ်က သူတို့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်လေ့ မရှိကြဘူး။

*ချောက်ကမ်းပါးကြီး ခြားသလို*

ဒီနေ့ ကမ္ဘာပေါ်မှာ သိပ်ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ ကွာခြားချက်ဟာ အင်မတန် ကြီးမားပါတယ်။ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးတစ်ခု ခြားနေသလို ဖြစ်နေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားရင် ကွာခြားသလောက် တခြား လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု၊ အနုပညာရေး ကိစ္စတွေမှာလည်း ကွာခြားမှာပဲ ဖြစ်တယ်။ ချမ်းသာတဲ့ နိုင်ငံကြီးတွေက လူတွေအတွက် မီးရဖို့ ရေရဖို့ဆိုတာ ပူနေဖို့ မလိုတော့တဲ့ ကိစ္စဖြစ်ပေမယ့် ဆင်းရဲတဲ့ နိုင်ငံက လူတွေအတွက်တော့ မီးရဖို့ ရေရဖို့ဆိုတာ ထိပ်တန်းဦးစားပေး လိုအပ်ချက်ကြီး တစ်ခုအဖြစ် ရှိနေတာ ဖြစ်တယ်။ ချမ်းသာတဲ့ နိုင်ငံကြီးတွေက လနဲ့ အင်္ဂါဂြိုဟ်မှာ ရေရှိ မရှိ စူးစမ်းလေ့လာနိုင်တဲ့ အချိန်မှာ ဆင်းရဲနိုင်ငံက လူတွေကတော့ မြေကြီးထဲ တွင်းတူးပြီး ရေရှာနေကြရလို့ အာကာသကို မော့တောင် မကြည့်နိုင်ကြသေးပါဘူး။ အဲဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံက လူတွေကို အမြင်ကျဉ်းမြောင်းတယ်။ ဂလိုဘယ်စိတ်ဓာတ် မရှိဘူးလို့ ပြောလို့ မရပါဘူး။

*ယားလို့ မကုတ်အား*

အနောက်နိုင်ငံက သုတေသီ အမျိုးသမီးကို မင်းတို့မှာက ပူစရာ ဘာမှ မရှိဘူး။ မင်း အခုလို သုတေသနတွေ လုပ်နိုင်ဖို့အတွက် ဂရန့် (grant) တွေ၊ စကောလားရှ်စတွေ အဆင်သင့်။ တို့ဆီက လူတွေအတွက်တော့ အခုထိ ကလေးတိုင်း မူလတန်း ပညာသင်ယူနိုင်ဖို့ မနည်းကြီး လုံးပန်းနေရဆဲ ဖြစ်သည်။ ပူစရာ မရှိတဲ့ မင်းတို့က ဘာမှ လုပ်စရာ မရှိဘဲ အားယားနေလို့ တိရစ္ဆာန် အခွင့်အရေးတို့၊ ဂေးအခွင့်အရေးတို့၊ ကျားထိန်းသိမ်းရေး၊ မြွေထိန်းသိမ်းရေးတို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ စတဲ့ ဆိုင်းဘုတ်တွေ အမျိုးမျိုးထောင်ပြီး ကြွေးကြော်သံတွေ အမျိုးမျိုး အော်ဟစ်နေနိုင်ပေမယ့် တို့လို နိုင်ငံတွေမှာတော့ လူတစ်ယောက်အတွက် အနိမ့်ဆုံး လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ဆိုတာလေးအတွက်တောင် မနည်းကြီး ရုန်းကန်နေရလို့ အားဖို့ မပြောနဲ့ ယားလို့တောင် မကုတ်အားလို့ ထုံးတို့ မှတ်ထားရတယ်။

*အရေးကြီးတာက ဒီမိုကရေစီ*

တို့ မြန်မာနိုင်ငံမှာဆိုရင် နှစ်ပေါင်းငါးဆယ် လုံးလုံး ဒီမိုကရေစီဆိုတာနဲ့ ကင်းဝေးခဲ့လို့ အခုမှ ဒီမိုကရေစီစနစ် ထူထောင်ဖို့ လုံးပန်းနေရဆဲ ဖြစ်တယ်။ ဒီအချိန်မှာ မြန်မာလူမျိုးတွေ အားလုံးအတွက် အရေးကြီးဆုံး လိုအပ်တာက ဒီမိုကရေစီ နိုင်ငံတစ်ခု ပီပီပြင်ပြင် ထွက်ပေါ်လာဖို့ ဖြစ်တယ်။ ဒို့အားလုံး ဒါအတွက် ကြိုးစားနေရလို့ တခြားကိစ္စတွေကို အာရုံမစိုက်နိုင်သေးဘူး။ ဆိုင်းဘုတ်တွေနဲ့ ကြွေးကြော်သံတွေ သိပ်များလွန်းရင် မကောင်းဘူး။ ဒီမိုကရေစီ ခရီးကို အနှောင့်အယှက် ဖြစ်တယ်။ အဲဒါကြောင့် မင်းတို့ရဲ့ ဂေးအခွင့်အရေးတွေ၊ တိရိစ္ဆာန်အခွင့်အရေးတွေကို တို့ အားအားယားယား စဉ်းစားမနေနိုင်သေးဘူးလို့ ရှင်းရှင်းလင်းလင်း ပြောပြလိုက်ရတယ်။

*ဘာလို့ အော်ရမှာလဲ*

ဒီလို မပြောရင် မဖြစ်ဘူး။ အနောက်နိုင်ငံက လူတွေ အားလို့ ယားလို့ လုပ်နေကြတာတွေကို အဟုတ်မှတ်ပြီး ပုံတူ ကူးချနေကြတာမျိုး ဒီမှာလည်း ခေတ်စားနေတယ်။ တကယ်တော့ ဂေးအခွင့်အရေးဆိုတာ သူတို့ အနောက်နိုင်ငံတွေမှာတောင် ဘာမှ လုပ်စရာမရှိတဲ့ အားအားယားယား လူတန်းစားလောက်သာ အော်နေကြတာပါ။ အများစုက စားဝတ်နေရေးနဲ့ အခွန်တွေ လျှော့ပေါ့ရေး အလုပ်လက်မဲ့ ပပျောက်ရေး၊ ပညာရေး ကျန်းမာရေး စရိတ်တွေ လျှော့ချရေး ကိစ္စတွေနဲ့ လုံးချာလိုက်နေကြတာပါ။ ဂေးအခွင့်အရေး အကြောင်း ဒီမှာသာ လာပြောနေတာ သူတို့ အနောက်နိုင်ငံတွေမှာတောင် လိင်တူချင်း တရားဝင် လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံဆိုလို့ လက်ဆယ်ချောင်းတောင် ပြည့်အောင် ရှိတာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီလိုအချိန်မှာ ဂေးအခွင့်အရေးတို့ တိရစ္ဆာန်အခွင့်အရေးတို့ကို အချိန်ကုန်ခံပြီး ဘာလို့ အော်နေရမှာလဲ။

*မယောင်ရာ ဆီမလူးနဲ့*

အခု အချိန်မှာ ကျွန်တော်တို့အတွက် အရေးကြီးဆုံးက ကျားတွေ မြွေတွေ မိကျောင်းတွေ မဟုတ်ဘူး။ ကျွန်တော်တို့ လူမျိုးတွေအတွက် အနိမ့်ဆုံး လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးနဲ့ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်တွေ ပေါများရေး ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ အားလုံး ကြိုးပမ်းနေကြတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့က ကျွန်တော်တို့အတွက်တော့ ပထမ ဦးစားပေး အရေးကြီးဆုံး ကိစ္စကြီးပဲ။ ဒီမိုကရေစီနိုင်ငံ မတည်ဆောက်နိုင်ရင် တိရိစ္ဆာန်အခွင့် အရေး မပြောနဲ့ လူ့အခွင့်အရေးတို့ စာပေ လွတ်လပ်ခွင့်တို့ဆိုတာတွေလည်း နတ္ထိပဲ။ ဒါကြောင့် ခုချိန်မှာ ဂေးအခွင့်အရေးတွေ၊ ကျားနဲ့ မိကျောင်း အခွင့်အရေးတွေ ကြွေးကြော်နေတာဟာ ဒီမိုကရေစီ လမ်းကြောင်းက သွေဖည်သွားအောင် လုပ်နေတာနဲ့ အတူတူပဲလို့ ပြောလိုက်ချင်တယ်။ မယောင်ရာ ဆီမလူးပါနဲ့။ ကိုယ့်အတွက် ဘာအရေးကြီးဆုံးလဲ ဆိုတာပဲ စဉ်းစားပါ။

လူထုစိန်ဝင်း

၂၁ – ၃- ၂၀၁၁

Sunday, April 3, 2011

ဗမာတွေ ငတုံး ငအ မဟုတ်ပါ

ဗမာတွေ ငတုံး ငအ မဟုတ်ပါ


ဗမာတွေ ငတုံး ငအ မဟုတ်ပါ

အရှင်ပညာဇောတ (ဒေလီ)

(ဓာတ်ပုံ - ဘားမားတူဒေးဝက်ဘ်ဆိုက်မှ ...)


တလောက မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး Democratisation on Myanmar (Burma) ခေါင်းစဉ်နဲ့ ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ ကျင်းပတဲ့ ပွဲကို ဦးဇင်းတို့ တက်ရောက် ခဲ့ကြတယ်။ မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့အတိုက်ခံ ဒီမိုကရေစီခေါင်းဆောင်တွေ ပြောကြဆိုကြတဲ့ ပွဲပါ။ ဖိတ် ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ၀င်တက်တာပဲဆိုပါတော့။ ကြံကြံဖန်ဖန် ကြော်ငြာထား တဲ့ ပိုစတာလေးတခု တွေ့ရလို့ တော်သေးတယ်လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာမရတဲ့ အဖွဲ့ ခေါင်းဆောင်တွေ မနည်းမနောပါပဲ။ တချို့ခေါင်းဆောင်တွေက ဖိတ်စာမရောက်ပေမယ့် သိတယ်၊ မတက်ဘူး ပေါ့။ တချို့ကတော့ သိကို မသိတာပါ။

အံ့သြစရာတခုက ဒီဖိတ်စာက နိုင်ငံရေးဆိုတာ လူစုပြီး ပါလီမန်နားက ပန်းခြံတခုမှာ အော်ကြဟစ်ကြတာ လောက် သိပြီး တတိယနိုင်ငံ ကူးဖို့လုပ်နေတဲ့ လူတချို့ဆီမှာတော့ တွေ့နေရပြန်ရော။ ဖိတ်စာ မရောက်ပေ မယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်းကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက်ပြောမယ်ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ်နေတယ်လို့ သံသယရှိထား တာကိုး။ ပြည်တွင်းက သံဃာတွေကို တရားဝင် ဗီဇာတွေနဲ့ ခေါ်ပြီး သင်တန်းတွေ ပေးနေတာတွေ သိနေ တော့ ဧရာမ နိုင်ငံရေးမှောင်ခိုဂိုဏ်းကြီးလို့ သဘောထားတဲ့ အဖွဲ့ပါ။ ဒီလူတွေပြောရင်တော့ ပြည်သူ့ဆန္ဒတော့ ပြောမှာမဟုတ်ဘူး၊ စစ်တပ်ဆန္ဒပဲ ပြောမှာပါ။ ဒါမှမဟုတ် သခင်ကြီးတွေဖြစ်တဲ့ အီးယူတို့ အမေရိကန်တို့ရဲ့ ဆန္ဒတွေ ပြောကြမှာပါ။


အစည်းဝေးခန်းမထဲ ရောက်တော့ ဂိုရှယ်ဆိုတဲ့လူက မြန်မာစစ်အာဏာရှင်တွေကို အထီးကျန်မထားဖို့၊ လက် တွဲခေါ်ဖို့တွေ၊ ဆန်ရှင်ဖြုတ်ဖို့တွေ အတောမသတ် ပြောနေတော့တာပါ။ အိန္ဒိယက ပညာရှင်တွေ အကုန်လုံး တီးလုံးတိုက် ညှိထားတဲ့အတိုင်း ဆန်ရှင်ဖြုတ်ဖို့ လူတိုင်းလောက် ပြောကြတာပါ။ ထူးထူးဆန်းဆန်း အမျိုးသ မီး တယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အဂတိတရားလေးပါး အကြောင်းနဲ့ မစန္ဒာရဲ့ ‘ခေါက် ထီးလေး မလုံ့တလုံ’ ၀တ္ထုထဲက ဇာတ်လမ်းတခုကြောင်း ပြောပါတယ်။ ထိုင်းဘက်က မခင်ဥမ္မာကတော့ သူ ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်းတွေ သူ လက်ရှိလုပ်နေတာတွေ ပြောပါတယ်။

တော်တော်နားထောင်လို့ ကောင်းပါတယ်။ အားလည်းတက်မိပါတယ်။ ခဏနေတော့ မဇ္ဈိမ အယ်ဒီတာ ကိုစိုး မြင့် ပြောပါတယ်။ အဲဒီမှာ တကယ့်ကို အကျိုးနည်းတွေ ပြောတော့တာပါပဲ။ ဒီလူတွေဆိုတာက ပြည်သူ့ဆန္ဒ တွေ ပြောရမှာလေ။ သူပြောတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေ ရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေးအတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ်ကြောင်း၊ အကြောင်းကတော့ လူနည်းစု ဒေသများတွင် တိုင်းရင်းသားများလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရခဲ့ ကြောင်း၊ လက်ရှိ ပြည်တွင်းစီးပွားရေးအခြေနေများ အလွန်ဆိုးဝါးနေပြီး အလျင်အမြန် အရေးယူဖြေရှင်းဖို့ လို အပ်နေပြီဖြစ်ကြောင်းတဲ့။ ဒီစကားတွေ ပြောချင်ရင် အခု နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်ထဲမှာ သွားပြောပေါ့။ ဒီနိုင်ငံက လူတွေ စစ်တပ်နဲ့ ပေါင်းဖို့ ပြောတာတွေကို ခင်ဗျားတို့ စစ်တပ်လုပ်နေတာတွေ နား မလည်လို့ မှားမှားယွင်းယွင်းတွေ ပြောနေတာ ဆိုတာကို အတိုက်ခံလုပ်နေပါတယ်ဆိုတဲ့ လူတွေက ချေဖျက် ပြောရမှာပေါ့။ မီဒီယာသမားဖြစ်နေလို့ ဒေါနဲ့ မောနဲ့ မပြောချင်နေပေါ့။ သြော်… ခက်ပါရော။

မေးခွန်းတွေ မေးကြတဲ့အချိန်ရောက်တော့ ရဲဘော်ကျော်သန်းကတော့ အာဘောင်အာရင်းသန်သန်နဲ့ ကုလား ပညာရှင်တွေ ပြောတာကို ချေဖျက်တော့တာပဲ။ အခမ်းနားမှူးလုပ်တဲ့ အမျိုးသမီးကြီးဆို မျက်နှာတွေပျက်လို့၊ ဂိုရှယ် ဆိုတဲ့လူတော့ နဖူးနဲ့ ဆံစပ်တွေမှာ ချွေးတွေများတောင်ပြန်လို့။ အမျိုးသမီးတယောက်ကပါ သူ့တင်ပြ ချက်တွေကို မေးခွန်းထုတ်နေတာကိုး၊ ချွေးပြန်တော့တာပေါ့။ ပြောရရင်တော့ ပွဲကြီးက လုပ်ပွဲကြီးပါ။ တ ယောက်နှစ်ယောက်က ၀င်ထောက်လိုက်တာနဲ့ အခြေမလှ ဖြစ်သွားတယ်။ ပညာတတ်တွေဆိုတော့ ဘာမှမ ဖြစ်သလို ခပ်တည်တည်ပဲပေါ့။ ပွဲက မလှတော့ ညနေပိုင်း သတင်းနားထောင်တော့ ဘယ်ရေဒီယို သတင်းဌာ နမှ ပါမလာတော့ဘူး။


မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးဆိုတဲ့ ဧရာမ ခေါင်းစဉ်ကြီးနဲ့ နိုင်ငံခြားရေးဌာနက လူကြီးတွေ၊ တက္က သိုလ်အသီးသီးက ပညာရှင်တွေနဲ့ လုပ်တဲ့ပွဲ၊ ငွေတွေ အများကြီး ကုန်ကျတဲ့ပွဲ၊ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားရ တယ်။ ရွာလည်က ကြက်ပွဲကမှ အသံထွက်လိမ့်ဦးမယ်။ နောက်ရက်တော့ ဦးဇင်းတို့လည်း မသွားတော့ဘူး။ ပြီးပြီလေ ဘာဆိုဘာမှ မဟုတ်တာကြီး။ ကိုယ်က ပြီးပေမယ့် မပြီးနိုင်တဲ့ သူက ရှိလာပြန်တယ်။

ဒီမှာရှိတဲ့ လူတွေ အခမ်းအနားလုပ်တဲ့ BCRC လို့ခေါ်တဲ့ ဗမာ့ရိပ်သာခန်းမမှာ အစည်းဝေးပွဲ ထပ်လုပ်တာပေါ့။ ဒီပွဲလည်း ဖိတ်စာမရောက်ပါဘူး။ သွားတော့တက်ရတာပေါ့။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တာတွေ ပြောနေရင် မခက်ပေဘူးလား။ ထင်တဲ့အတိုင်းပဲ ပြောတာပါပဲ။ ဒေါက်တာတင့်ဆွေကနေ ဇ ခါဟူစိန်ကောလိပ် (Zakir Husain College) မှာလုပ်တဲ့ ပွဲဟာ အိန္ဒိယမှာရှိတဲ့ ပညာရှင်တွေရဲ့အမြင်တွေကို ပြောကြတာပါတဲ့။ ဒါဟာ ကောင်းပါတယ်တဲ့။ ကျနော်တို့ သူတို့ရဲ့ အမြင်တွေ သိရတာပေါ့တဲ့။ နောင်လည်း ဒီ လိုပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ရဲဘော်ကျော်သန်းကြီးကတော့ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲမှာ သူတင်ပြချက်တွေနဲ့ ပညာရှင်တွေရဲ့ အလွဲအမှားတွေကို ပရိသတ်ကို ပြန် ပြောပြပါတယ်။

ဒီနေရာမှာ ပညာရှင်ဆိုတာကို ယေဘုယျအားဖြင့် (၃) မျိုးလောက် ခွဲပြောချင်ပါတယ်။ မိမိပညာရပ်ကို လေး စားပြီး အမှန်တိုင်း ထုတ်ဖော်ပြောကြားတဲ့ ပညာရှင်၊ မိမိပညာကို အမှန်တိုင်း မပြောမဆိုပဲ လိမ်ညာပြီး အမှား ကို ပြောပြီး နာမည်ရောင်းစားတဲ့ ပညာရှင်၊ သိပေမယ့် ဘာမှ မပြောဘဲ ဆွံ့အနေတဲ့ ပညာရှင်တွေပါပဲ။ ပထမ အမျိုးစားကတော့ အိန္ဒိယနိုင်ငံက အမတြာဆင်းတို့လို လူမျိုးတွေပါ။ ဒုတိယအမျိုးစားကတော့ အစည်းဝေး တွေမှာ ကိုယ့်စကားနဲ့ကိုယ်ပြောပြီး မဟုတ်မမှန်တာတွေ ဆိုတာ သိပြီး မေးခွန်းတွေ တက်လာတဲ့အခါ ချွေး ပြန်တတ်တဲ့ ဂိုရှယ်တို့လို လူမျိုးပါ။ နောက်တမျိုးကတော့ ဖေ့စ်ဘုတ်တွေမှာ ဘာမှမပြောမဆို နေနိုင်ကြတဲ့ မြန်မာပြည်က မဟာပညာရှင်ကြီးတွေပါ။

အဲဒီမှာ ၈၈ မျိုးဆက်ထဲက ကျောင်းသားတယောက်က ခင်ဗျားတို့ NGO တွေလုပ်တဲ့ နိုင်ငံရေးနောက် လိုက် မှာလား၊ ဒေါ်စု လုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလားဆိုပြီး မေးခွန်းထုတ်ပါတော့တယ်။ ကျနော်တို့ကတော့ ဘယ်လောက် ငတ်ငတ်ပြတ်ပြတ် ဒေါ်စုနောက်ပဲ လိုက်မယ်လို့ ခပ်ပြတ်ပြတ် ခပ်တင်းတင်းကို ပြောတော့တာ ပါ။

ထိုင်းဘက်က မခင်ဥမ္မာကတော့ သူတို့က ပြည်တွင်းမှာလုပ်နေတဲ့ အီးဂရက်စ်က နေ၀င်းမောင်တို့၊ ဒေါက်တာ ခင်ဇော်ဝင်းတို့နဲ့ လိုင်းမတူပါဘူးလို့ ပြောလာတော့တယ်။ ဦးဇင်းလည်း အခုလို ပြောလာတော့ တခုပြောချင်ပါ တယ်။ ပြည်တွင်းက နေ၀င်းမောင်တို့ အီးမေးတွေနဲ့အတူ ပြည်ပမှာရှိတဲ့ အဖွဲ့စည်းတွေကို ထောက်ပံ့နေတဲ့ NGO တွေရဲ့ အီးမေးတွေပါတဲ့ ဖော်ဝါဒ့်မေးတွေ ဦးဇင်းတို့ဆီမှာ ရောက်လာတယ်။ NGO တွေရဲ့ အထောက် ပံ့တွေနဲ့ အလုပ်လုပ်ရင်တော့ ဒီကရှေ့ သတိကြီးကြီးထားပြီး မျက်စိကြီး၊ နားကြီးနဲ့ အလုပ်လုပ်ကြပါလို့ သတိ ပေးခဲ့ပါတယ်။ အခုပဲ လမ်းခွဲဖို့ ပြောနေတာကို ထောက်ဆကြည့်ပေတော့လို့ ပြောဖြစ်ခဲ့ပါတယ်။


နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးတာပါ။ ပြည်သူတွေဟာ လက်ရှိ အုပ်ချုပ်သူတွေကို မလိုချင်တော့ပါဘူး။ လက်ရှိ စစ်အာဏာရှင်တွေဟာ ၈၈ မှာ ကျောင်းသားတွေကို သတ်တယ်၊ ၂၀၀၇ မှာ ဘုန်းကြီးတွေကို သတ်တယ်။ နာဂစ်မှာ ပြည်သူတွေ ဒုက္ခရောက်နေတာတွေကို အကူညီမပေးတဲ့အပြင် လာ ကူညီတဲ့ လူတွေကို ပြဿနာရှာတယ်၊ ကူညီခွင့်မပေးဘူး၊ နိုင်ငံတကာက လှူတဲ့ ငွေတွေကို ဖြတ်ယူတယ်။ ပြောမကုန်နိုင်လောက်အောင် ယုတ်မာတဲ့ ဒီအုပ်ချုပ်သူတွေကို ပြည်သူတွေ အလိုမရှိတော့ဘူး။ ဒီလူတွေကို နိဂုံးကမ္ပတ် အဆုံးသတ်တဲ့နေ့ကို ရောက်ချင်နေပြီ။

အီးယူတို့၊ အမေရိကားတို့ကလည်း သူတို့ ဒဏ်ခတ်အရေးယူထားတဲ့ ဆန်ရှင်ကို ပြန်ဖြုတ်ချင်နေပြီ။ စစ်တပ် ရဲ့ လွှတ်တော်ထဲမှာ ၀င်ပလူးချင်နေပြီ။ လွှတ်တော်ထဲမှာ သူ့လူတွေ (proxy) ရောက်နေပြီဆိုတော့ ဒီနှစ်ထဲ မှာ ပိုပြီး သိသိသာသာ ပြောလာတယ်၊ လုပ်လာတယ်။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ ပွဲဟာ အိန္ဒိယနဲ့ အမေရိကန် ပေါင်းပြီး ဆန်ရှင်ဖြုတ်ဖို့ ပြောကြဆိုကြတဲ့ပွဲပါ။ မြန်မာအတိုက်ခံတွေကို ဒီပွဲမှာ စကားပြောခိုင်းတာ အမေရိကန်ပဲ လုပ်နိုင်တာပါ။

မြန်မာ့အရေးကို ပေါ့ပေါ့တွေးပြီး စိတ်ဓာတ်ရေးရာ ပျက်ပြားနေတဲ့ တော်လှန်ရေးသမားတွေ၊ ခပ်ညံ့ညံ့ ပညာ ရှင်တွေနဲ့ မလိမ့်တပတ် ၀င်ကစားတဲ့ အီးယူနဲ့ အမေရိကန်တွေဟာ ပေါတောတော ကြောင်တောင်တောင် တွေလို့ မြန်မာပြည်သူတွေက မြင်တတ်ပါတယ်။ မြန်မာစကားပုံမှာ အပွေးမြင် အပင်သိ ဆိုသလို လယ်ပြင် ဆင်သွား အထင်အရှား မြင်ပါတယ်။ စကားတခွန်း ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာ သိတယ်။ ဗမာစကားပုံတွေကို ကြည့်ရင် မြန်မာတွေဟာ ရှေးအစဉ်လာကတည်းက အသိဉာဏ်ကိစ္စမှာ ငတုံး ငအတွေ မဟုတ်ဘူးဆိုတာ လုပ်စားနိုင်ငံရေးသမားတွေ၊ နိုင်ငံကြီးသားတွေကို ပြောလိုက်ချင်ပါတယ်။

အရှင်ပညာဇောတ (ဒေလီ)

၂၅၊ ၃၊ ၂၀၁၁